img:hover { position: relative; top: 1px; left: 1px; } အောင်မျိုးထွန်း Blog မှ ကြိုဆိုပါ၏။: လွတ်လပ်ခြင်းနဲ့ချည်တဲ့ကြိုး (သို့မဟုတ်) မျက်ခြယ်

လွတ်လပ်ခြင်းနဲ့ချည်တဲ့ကြိုး (သို့မဟုတ်) မျက်ခြယ်
Wednesday, July 30th, 2008


၁ ။ ငါဟာ ၂၂ နှစ်လုံးလုံး မှတ်တိုင်အကြိမ်ကြိမ် မှားဆင်းမိတဲ့
ခရီးသည်တစ်ဦးပါ မျက်ခြယ်..........။
အမှန်တရားနဲ့ ချစ်ခြင်းမေတ္တာဟာ မင်းတစ်ယောက်တည်းသာဖြစ်တယ်ဆိုတာ
ဒီလို သမားရိုးကျ သံသယတွေထဲ
မင်းဘယ်လိုအင်အားမျိုးနဲ့ယုံကြည်မလဲ........။
မင်းဟာ လွတ်လပ်ခြင်းကိုစိုးမိုးတဲ့ နတ်မိမယ် တစ်ပါးဖြစ်တယ်ဆိုတာ
ငါကတော့ အကြိမ်ကြိမ် ယုံကြည်ခဲ့ပြီးပြီ.........။
သောက်လက်စအအေးတစ်ခွက် ရေခဲအရည်ပျော်လို့ အရသာမပျက်ခင်
မင်းလက်လွတ်စပါယ် ပစ်ချသွားတဲ့ မျက်စောင်းတစ်ခုရခဲ့တုန်းက ။
မှတ်တိုင်ကျော်သွားတဲ့ ခရီးသည်တစ်ယောက် အူယားဖားယား ပြေးဆင်းတဲ့အဖြစ်လို
မင်းငါ့ကိုလှောင်ရယ်သမှုနဲ့ပြုံးခဲ့တုန်းက ။
အမှတ်တမဲ့ဆုံတဲ့ မျက်ဝန်းနှစ်စုံရဲ့ စက္ကန့်ပိုင်းအတွင်းမှာ
မြတ်နိုးခြင်းကျောက်တိုင်ကို မင်းလွယ်လွယ်ကူကူ စိုက်ထူခဲ့စဉ်တုန်းက.....။
တစ်သက်မှာ တစ်ယောက်မက ချစ်ခဲ့ဖူးမှတော့လည်း
ငါမင်းကို ချစ်တယ်ဆိုတာ မင်းဘယ်လို ယုံကြည်နိုင်ပါ့မလဲ မျက်ခြယ် ......။
အတ္တနဲ့နှောင်ဖွဲ့တတ်တဲ့ လူတွေရဲ့ကြားမှာ မင်းနဲ့ငါဟာ
လွတ်လပ်မှုတွေကြောင့် ဝေးနေခဲ့တယ်ထင်ပါရဲ့.......။
ကဲ.......ဒီမှာ ဘုရားသခင်ဖန်တီးတဲ့ဓါးတစ်လက်
မွန်းကြပ်လွန်းတဲ့ နှောင်ကြိုးတွေကို ဖြတ်တောက်လို့ ဒို့နှစ်ယောက်
လွတ်လပ်ခြင်းကိုသာလျှင်ချည်နှောင်ကြမယ် ...။
သံသယနဲ့ရမ္မက်တွေ ဖြတ်သွားဖြတ်လာများလွန်းတဲ့
လမ်းမပေါ်ကမျဉ်းကျားတစ်ခုပေါ်မှာ ငါတို့ဘာလို့များ
အချိန်အကြာကြီးရပ်နေရမှာလဲ
ရိုးသားစွာဖြေပေးပါ.........မျက်ခြယ်။
ငါဟာမင်းရဲ့အမှန်တရားဖြစ်ခဲ့သလားဆိုတာ
ငါတို့ရဲ့ဇူလိုင် ၁၀ ရက်ကမိုးရေစက်တွေ
ဆက်လက်လို့အေးမြစေချင်ပါတယ်.......။
ငါ့စိတ်ကို ငါပြန်ဖတ်ဖို့အတွက်
တစ်ချို့ချို့သော နေရာတွေမှာ မင်းဟာ
မရှိမဖြစ် အဘိဓ္ဓာန် တစ်ခုပါ မျက်ခြယ်......။
သေလောက်အောင် မချစ်ခဲ့ဘူးတဲ့ငါဟာ
မင်းကိုချစ်ရင်းနဲ့ပဲ သေသွားလိမ့်မယ် ထင်ပါရဲ့
မျက်ခြယ်ရေ........မင်းဟာငါ့ရဲ့ရာသီတိုင်းမှာ
မစဲတဲ့ မိုးဖြူလေးပါ။
မိုးမည်းလိုတော့ဘယ်သည်းထန်လိမ့်မလဲ
ဒီလိုနဲ့ပဲ ငါဟာ မင်းရဲ့အမှတ်တမဲ့ များစွာထဲမှာ
နာတာရှည်ဖျားနာရမယ့် အမြဲတမ်းလူနာတစ်ဦးဖြစ်ခဲ့ပါတယ်......။
အရောင်စုံခြယ်သပြီးတဲ့ ပန်းချီကားတစ်ချပ်ထဲမှာ
ငါဟာ မင်းကိုကိုယ်စားပြုဖို့အတွက်
ဘာရောင်မှမခြယ်တဲ့ တစ်နေရာစာချန်ခဲ့ပါတယ်...။
ချစ်ရပါသော မျက်ခြယ်......
လိုအပ်သလို အသုံးပြုရန်အတွက်
ချစ်ရပါသော မျက်ခြယ်.......
မျက်စိနောက်လျှင် လွင့်ပစ်ရန်အတွက်
ချစ်ရပါသော မျက်ခြယ်.......
ငွေလိုလျှင် အောက်ဈေးနှင့်ထုတ်ရောင်းရန်အတွက်
ချစ်ရပါသော မျက်ခြယ်........
ရယ်စရာသဘောနှင့် ကြည့်ရှုရန်အတွက်
ဘာပဲဖြစ်ဖြစ်ပေါ့ကွယ်......
ဒီပန်းချီကားကို မင်းစိတ်ကြိုက်မချယ်မှုန်းခဲ့ပေမယ့်
ဒါဟာ ပြတိုက်ထဲပြဖို့မဟုတ်တာသေချာခဲ့သလို
မင်းတစ်ယောက်တည်းအတွက်ဆိုတာလည်း
သေချာခဲ့ပါတယ် မျက်ခြယ်.....။
၂။ဘယ်လောက်ထိများဝေးနေကြဦးမလဲ
ဟောဒီတစ်ဖက်ကမ်းနဲ့ မင်းရဲ့ဟိုတစ်ကမ်း
တို့နှစ်ယောက်ရဲ့ ချစ်ခြင်းကိုသယ်ဆောင်မယ့်
လေပြေလေညှင်းတွေတော့ရှိရမယ် ( ငါတို့ဘယ်လောက်ပဲဝေး ဝေး )
တို့နှစ်ယောက်ရဲ့နူးညံတဲ့ အတ္တတွေ ဖလှယ်ရအောင်
လှေတစ်စင်းလောက်ဖြစ်ဖြစ်ရှိရမယ် ( ငါတို့ဘယ်လောက်ပဲဝေး ဝေး )
ဒါပေမယ့်ငါတို့နှစ်ယောက်ရဲ့စာတမ်းကို
အလွမ်းနဲ့မရေးခဲ့ကြဘူး
သံသယ နဲ့မရေးခဲ့ကြဘူး
မနာလိုစိတ်နဲ့မရေးခဲ့ကြဘူး
ရသ မစုံရင်နေပလေ့စေ
ဒီစာတမ်းမှာ ...ချစ်ခြင်းတရားတစ်ခုသာလျှင်ရှိရမယ်. ။
ဒါကို မင်းလက်ခံတယ်မဟုတ်လားမျက်ခြယ်...။
လိုတရ မဖြစ်နိုင်တဲ့ဘ၀မှာ
ငါက မင်းတစ်ယောက်တည်းကိုသာ လိုချင်ခဲ့တာပါ။
ဒါကို လောဘကြီးတယ်လို့ ဆိုချင်လည်းဆိုပေါ့။
ငါချစ်တဲ့ကဗျာ ငါချစ်တဲ့ ဂီတ
ငါချစ်တဲ့ ဧရာဝတီ ငါချစ်တဲ့တမာပင်
ငါချစ်တဲ့ သစ္စာလမ်း ငါချစ်တဲ့ ကော်ဖီတစ်ခွက်
ပြီးတော့ ............
ငါချစ်တဲ့ မျက်ခြယ်
ငါစွဲတွေများလွန်းတဲ့ ငါ့လို ပုထုဇဉ် တစ်ယောက်ဟာ
မင်းတစ်ယောက် တည်းအတွက်နဲ့
သံသရာ ကိုဆွဲဆန့်ခဲ့ပါတယ်။
၃။တစ်ချို့တစ်လေကတော့ မျှော်လင့်ချက် နဲ့ အသက်ရှင်တယ်
တစ်ချို့တစ်လေကတော့ မျှော်လင့်ချက် ကြောင့် သေဆုံးတယ်
ငါဟာ သေဆုံးရမယ့်သူလား ရှင်သန်ရမယ့်သူလား
ဒီမေးခွန်းအတွက် ( ကျေးဇူးပြု၍ ပတ်ဝန်းကျင်ပယောဂ မပါဘဲ )
မင်းတစ်ယောက်တည်းသာ ဆုံးဖြတ်ပေးပါမျက်ခြယ်....
ငါ့မှာလည်း အမှားတွေများခဲ့သလို
အမှန်တွေလည်းမနည်းခဲ့ပါဘူး ။
မင်းလည်းဆိုးမိုက်ခဲ့ဘူးသလို
သူမတူအောင်လည်း လိမ္မာယဉ်ကျေးခဲ့ဘူးလိမ့်မယ်
မင်းနဲ့ ငါနှစ်ယောက်ကြားက ချစ်ခြင်းတရားဟာ
စင်းလုံးချော လှပဖို့ရာခိုင်နှုန်းနည်းခဲ့တာ
သဘာဝကျပါတယ် မျက်ခြယ်.....။
နှလုံးသားရေးရာ တွေမှာ အပြင်ပန်းလှပဖို့ထက်
တာရှည်ခံဖို့ကို ပိုတန်ဖိုးထားသင့်တယ်ဆိုတာ
မင်းရောငါရော လက်ခံကြရလိမ့်မယ်....။
မင်းမှာသံယောဇဉ် ဖြစ်တတ်တဲ့စိတ်လည်းရှိမယ်.
စိတ်ကူးယဉ်ဆန်တဲ့စိတ်လည်းရှိမယ် ..
မာယာတွေနဲ့လှည့်ဖျား မှုတွေရှိမယ်...
ဖြုဖွေးဆွတ်နေတဲ့ ရိုးသားမှုတွေရှိမယ်....
လိမ်ညာမှု နဲ့ဖြားယောင်းမှုတွေလည်း ရှိကောင်းရှိမယ်
ငါက မင်းရဲ့တစ်ခြားလူတွေလို
မျက်နှာ ဖောင်းဖောင်းလေးတစ်ခုကိုသာလျှင်
မြတ်နိုးခဲ့တာမှ မဟုတ်ပဲမျက်ခြယ်....။
မင်းနဲ့ပတ်သက်သမျှ ကောင်မွေဆိုးမွေ အားလုံးကို
ငါဂုဏ်ယူဝမ်းမြောက်စွာနဲ့ မြတ်နိုးတတ်ခဲ့တာပါ ...။
ခြေရာခြင်းတစ်ထပ်တည်း သွားရအောင်
ငါတို့နှစ်ယောက်ရဲ့လမ်းတွေ မတူညီခဲ့ပေမယ့်
အဲဒီလမ်းတွေကို လက်တွဲလို့သွားကြမယ်...။
ငါချစ်ခဲ့တာ မင်းတစ်ယောက်တည်း မဟုတ်သလို
မင်းချစ်ခဲ့တာလည်း ငါတစ်ယောက်တည်းမဟုတ်
ဒါပေမယ့် ငါတို့နှစ်ယောက်ရဲ့အချစ်ဆုံးဟာ
လွတ်လပ်မှုသာဖြစ်တယ်...။
မင်းအတွက် ၀မ်းနည်းစရာ... ငါ့အတွက်စိတ်ညစ်စရာ...
ထပ်တူထပ်မျှ မကျခဲ့ပေမယ့်
အားလုံးကို သီချင်းတစ်ပုဒ်နဲ့
အရည်ဖျော်ပစ်နိုင်တဲ့ စွမ်းရည် ငါတို့မှာ ရှိကြတယ်..။
မင်းကမာယာတွေနဲ့ စကားကြွယ်တယ်..
ငါက မင်းသားခေါင်းဆောင်းပြီးနားထောင်တယ်..။
ဒါပေမယ့် ငါတို့နှစ်ယောက်ရဲ့ ဖြူစင်တဲ့ကောက်ကျစ်မှုကို
ချစ်ခြင်းတရားတွေနဲ့ မရောထွေးခဲ့ဘူး...
မင်းလှမ်းတဲ့ လက်တစ်ဖက် ငါကမ်းတဲ့လက်တစ်ဖက်
လောဘမဟုတ်သော မျှော်လင့်ခြင်းတွေနဲ့
ငါတို့ တစ်သက်စာနွေးထွေးသွားရအောင် မျက်ခြယ်....။
၎။ မင်းရောက်တတ်ရာရာ သွားတဲ့လမ်းတွေမှာ
ငါဟာဓါတ်မီးတိုင်...
မင်းဖြစ်သလို သောက်တဲ့ကော်ဖီတစ်ခွက်မှာ
ငါဟာ ဇွန်းတစ်ချောင်း... ဒီလိုပဲဖြစ်ချင်ခဲ့တာပါမျက်ခြယ်..။
စိတ်ချလက်ချသာပွင့်လင်းပါ...
ငါတို့ နှစ်ယောက်မှာ ပါပါရာဇီတွေမရှိဘူး
ပျော်ပျော်ရွှင်ရွှင်နဲ့ သာ လေလွင့်ပါ
ငါတို့ နှစ်ယောက်ကို ဘောင်ခတ်ထားမယ့် ဆောင်ပုဒ်တွေမရှိဘူး
ကဲ..ဒီမှာ မင်းကြိုက်တဲ့ rock သီချင်း
ကဲ..ဒီမှာ မင်းမုန်းတဲ့ သစ္စာမရှိတဲ့လူတွေ
လိုချင်တာ လက်လှမ်းမှီတဲ့ဘ၀မှာ
ငါတို့ တွေလိုအပ်သလောက်ကိုသာ ရှူရှိက်လို့  အသက်ရှင်ရအောင်။
ငိုတဲ့အခါ ငို.. ရယ်တဲ့အခါရယ်.....
မင်းတို့ အဆောင်ရှေ့က စိန်ပန်းအကြွေတွေလောက်
ဘယ်အရာကပိုလှရဦးမှာတဲ့လဲ....
ဘာကို စိုးရီမ်နေမှာလဲ မျက်ခြယ်....
ကျယ်ပြန့် လွန်းတဲ့ စကြ၀ဋ္ဌာထဲမှာ
မင်းရောငါရောဟာ သေးသေးလေးတွေပဲ...
တိုက်နေခတ်နေတဲ့လေနီကြမ်းတွေက ငါတို့ အတွက်ဟုတ်ချင်မှဟုတ်မှာပေါ့
ကြမ်းတမ်းခက်ထန်တဲ့ လှိုင်းလုံးကြီးတွေက
ငါတို့ နှစ်ယောက်အတွက် ဟုတ်ချင်မှဟုတ်မှာပေါ့။
မသေချာခြင်း စီးဆင်းတဲ့မြစ်မှာ
ငါတို့ နှစ်ယောက်က ဘယ်အတ္တကို ဆုပ်ကိုင်ထားမှာလဲ...
လွင့်မျောပါမျက်ခြယ်...
မင်းရဲ့ ဘေးမှာ ငါရှိမယ်...
ဟိုး ....အဝေးခပ်ပြပြဆီမှာ...
ငါတို့ ရဲ့ ပင်လယ်ဟာမျှော်နေတော့မယ်.....။......။

0 comments: